သြဂုတ်လ ၁၀ ရက်နေ့တွင် အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဌ ဦးထိန်လင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ယခုတကြိမ် တွေ့ဆုံဆွေးနွေးပွဲသည် ပြည်ထောင်စုအစိုးရမှ တနိုင်ငံလုံး အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှု မူဘောင်အောက်ရှိ အရေးပါသော နှစ်ဖက်ဆွေးနွေးပွဲတခုဖြစ်သည်။ အထူးဒေသ(၄) ကိုယ်စားလှယ်အဖွဲ့သည် NSPNC ၏ ဖိတ်ကြားချက်အရ သြဂုတ်လ ၉ ရက်နေ့တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ် ပြီး၊ ယခုနှစ် ဇွန်လအတွင်း မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အဓိကအလေးထားရမည့် ကိစ္စရပ် များအပေါ် မျက်နှာစုံညီ အပြန်အလှန် အလေးအနက်ထား ထပ်မံ ဆွေးနွေးခြင်းလည်း ဖြစ်သည်။
ရှေးဦးစွာ အထူးဒေသ (၄) ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် ဇွန်လ အတွင်းက ဆွေးနွေးမှုများမှတဆင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ပြည်သူ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ရရှိခဲ့သည့် ရလဒ်များကို အပြည့်အဝ အသိအမှတ်ပြုပါ ကြောင်း၊ အထူးဒေသ (၄) အနေဖြင့် ဥက္ကဌကြီး ဦးစိုင်းလင်း ချမှတ်ခဲ့သည့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက် ရေးလမ်းစဉ်ကို ရေရှည်ခိုင်မာစွာ ထိန်းသိမ်းလိုက်နာခဲ့မှုအပေါ် အထူးပင် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ဥက္ကဌကြီး ဦးစိုင်းလင်းနှင့် အတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကောင်းမွန်သော သမိုင်းကြောင်းများကိုလည်း ပြန်လည်အောက်မေ့ ပြောကြားခဲ့ကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲတွင် နှစ်ဖက် အပြန်အလှန် အလေးထားသည့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို အဓိကထား၍ အပြည့်အဝ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကာ အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုကို တိုးမြှင့်ပြီး လက်တွေ့ကျ သော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် လည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်းရေးယန္တရားမှတဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဆင့်ဆင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ထိရောက်သောအကျိုးရလဒ်များရရှိရန် မျှော်လင့်ပါကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အလေး ထား ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး NSPNC ၏ လှိုက်လှဲစွာ ဖိတ်ကြားမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအပေါ် ထပ်မံ၍ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ တာဝန်သစ်ရယူပြီးနောက် ပထမဆုံး အကြိမ်အဖြစ် နေပြည်တော်သို့ လာရောက် ဆွေးနွေးခွင့်ရသည့်အတွက် ပြည်ထောင်စုအစိုးရသစ်၏ နယ်စပ်ဒေသ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အပေါ်ထားရှိသည့် စိတ်ရင်းစေတနာအမှန်ကို အပြည့်အဝ ခံစားသိရှိရပါကြောင်း၊ ၎င်းအပြင် လွန်ခဲ့သည့် ၃၇ နှစ်တာ ကာလတလျှောက်လုံး အထူးဒေသ(၄) အနေဖြင့် "ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး" လမ်းစဉ်ကို အမြဲတစေ လိုက်နာကျင့်သုံးခဲ့ပြီး ကိစ္စရပ်အသီးသီးကို ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် ဖြေရှင်းကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ခေတ်အဆက်ဆက် ပြည်ထောင်စုအစိုးရနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ အထူးဒေသ(၄) အနေဖြင့် ဥက္ကဌဟောင်း ဦးစိုင်းလင်း၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကို ဆက်ခံ၍ ၁၉၈၉ ခုနှစ်က သတ်မှတ်ပေးခဲ့သော နယ်မြေဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိ ရေးအတွက် ခိုင်မာစွာ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ယခုခရီးစဉ်သည် ပြည်ထောင်စုအစိုးရ နှင့် အပြန်အလှန် ဆက်သွယ်မှုနှင့် ယုံကြည်မှုကို မြှင့်တင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်းညွှန်ချက် များကို နားထောင်၍ အထူးဒေသ (၄) အနေဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အပြည့် အဝ ပူးပေါင်းပါဝင်ကာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အတူတကွ လက် တွဲ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးထိန်လင်းက ထပ်လောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲအတွင်း ကျိုင်းတုံ-မိုင်းလား လမ်းမကြီးပြန်လည်ပြုပြင်ရေး၊ မိုင်းယု-ကျိုင်းယဲန်း တံတား ပုံမှန်ဖြတ်သန်းသွားလာရေး စသည့် အရေးပါသော ကိစ္စရပ်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည့်အပြင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရေး၊ ကျွမ်းကျင်ပညာရှင်များ မွေးထုတ် ရေး၊ အများပြည်သူကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကူညီထောက်ပံ့ရေး စသည့် ပြည်သူ့အကျိုးပြု ကိစ္စရပ်များကိုလည်း အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်များစွာ ရရှိခဲ့ကြောင်း၊ ဆွေးနွေးပွဲရလဒ်များကို နိုင်ငံတော်အကြီး အကဲထံ အချိန်နှင့်တပြေးညီ အစီရင်ခံ တင်ပြသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စနစ် တကျညှိနှိုင်းကာ တခုချင်းစီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးဒေသ(၄) ၏ ခေါင်းဆောင်အစုအဖွဲ့သစ်အနေဖြင့် ငြိမ်းချမ်းရေးမူဝါဒကို ဆက်လက်ဆုပ်ကိုင်၍ နိုင်ငံတော်၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များတွင် ပိုမိုနက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်ဆွေးနွေးချက်မှတ်တမ်းအပေါ် လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြပြီး အထူးဒေသ(၄) က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် အနီးတဝိုက် ရေဘေးသင့်ပြည်သူများ အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ နောက်ဆုံးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုအဆင့် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဌာန များသည် အထူးဒေသ(၄) ကိုယ်စားလှယ်အဖွဲ့နှင့် ကဏ္ဍအလိုက် ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ပြီး အထူး ဒေသ(၄) အတွက် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း (၄) တန်ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း တင်ဆက်လိုက်ရပါသည်။