သြဂုတ်လ ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဌ ဦးထိန်လင်း ဦးဆောင်သော အထူးဒေသ (၄) ကိုယ်စားလှယ်အဖွဲ့ အဓိကအဖွဲ့ဝင်များအား နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ နှစ်ဖက်စလုံးသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာဖြင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်ဒုတိယသမ္မတ ဦးညိုစော၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ကာကွယ်ရေးဝန်ကြီးဌာနရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်တို့ တက်ရောက်ခဲ့ကြပြီး၊ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးစန်ပေ့၊ ဦးဆန်လူ၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအိုက်ပန်း စသည့် ကိုယ်စားလှယ်အဖွဲ့ အဓိကတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ဥက္ကဌ ဦးထိန်လင်းက အထူးဒေသ(၄) တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြု၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအတွက် ထပ်မံ၍ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သမ္မတကြီးအား ပြောကြားခဲ့ပါသည်။ ပြီးနောက် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း အထူးဒေသ(၄)သည် ဥက္ကဌဟောင်း ဦးစိုင်းလင်း၏ ဦးဆောင်မှုအောက်တွင် “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဆိုသည့် မူဝါဒကို အစဉ်တစိုက် စွဲကိုင်ခဲ့ပြီး ကိစ္စရပ်အဝဝကို ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် ဖြေရှင်းကာ၊ ခေတ်အဆက်ဆက် ပြည်ထောင်စုအစိုးရနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားရှိခဲ့ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့အတွက် အစဉ်တစိုက် တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ဥက္ကဌ ဦးထိန်လင်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မိမိအနေဖြင့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဌ တာဝန်ကို လွှဲပြောင်းရယူပြီးနောက် ဥက္ကဌဟောင်း ဦးစိုင်းလင်း ချမှတ်ခဲ့သော ''ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး" ဆိုသည့်လမ်းစဉ်ကို ဆက်လက်ထိန်းသိမ်း လျှောက်လှမ်းလျက်ရှိပြီး၊ ဒေသခံ ပြည်သူလူထု၏ ခိုင်မာသော ထောက်ခံအားပေးမှုကို ရရှိထားကြောင်း၊ ယခုကဲ့သို့ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ နေပြည်တော်သို့လာရောက်ကာ သမ္မတကြီးထံမှ လမ်းညွှန်ချက်များကို တိုက်ရိုက်လေ့လာ မှတ်သားခွင့် ရရှိခြင်းသည် နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတိုးမြှင့်စေရန်နှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရန်အတွက် အလွန်အရေးပါကြောင်း၊ ၎င်းအပြင် အထူးဒေသ(၄)၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အောင်မြင်မှုများသည် ပြည်ထောင်စုအစိုးရ၏ ရေရှည် ဂရုစိုက် ကူညီထောက်ပံ့မှုများနှင့် ကင်းကွာ၍ မရနိုင်ကြောင်း၊ အနာဂတ်တွင်လည်း အထူးဒေသအနေဖြင့် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို ဆက်လက်ဆုပ်ကိုင်ကာ ပြည်ထောင်စုအစိုးရနှင့် ဆက်သွယ်ညှိနှိုင်းရေး လမ်းကြောင်းများကို ပိုမိုချောမွေ့စေပြီး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးထိန်လင်းက ပြောကြားခဲ့ပါသည်။
ကိုယ်စားလှယ်အဖွဲ့ လာရောက်လည်ပတ်မှုကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် ယခုတွေ့ဆုံမှု သည် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့သို့တွန်းတင်ရာတွင် အပြုသဘောဆောင်သော ခြေလှမ်းတခုဖြစ်ကြောင်း၊ လက်ရှိ ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတော် ရေရှည်တည်ငြိမ်အေးချမ်း ရေးနှင့် တနိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးကို အဓိက ရည်မှန်းချက်အဖြစ်ထားရှိကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မယိမ်းမယိုင် ဆက်လက်ဖော်ဆောင်လျက်ရှိကြောင်း၊ ပြည်သူလူထုတရပ်လုံးက မျှော်လင့်တောင့်တနေသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေးသည် ဤရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် မရှိမဖြစ် အခြေခံအုတ်မြစ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။
အထူးဒေသ(၄)၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ဘက်စုံကူညီထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ပညာရေးအခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးခြင်း၊ ဆရာ/မ အရင်းအမြစ်များ မြှင့်တင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ပေးခြင်းနှင့် ဆေးရုံ တိုးချဲ့တည်ဆောက်ရေးတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံနှင့် စွမ်းအင်ကဏ္ဍတွင် လမ်းပန်းဆက်သွယ်ရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အရှိန်မြှင့်တင်ပေးမည်ဖြစ်ပြီး၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းများကို အကောင်အထည်ဖော်ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် နယ်စပ်ကုန်သွယ်ရေးကို ဖွံ့ဖြိုးတိုးတက်စေကာ နယ် စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲအတွင်း နှစ်ဖက်စလုံးသည် အထူးဒေသ(၄)၏ ရေရှည်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ သမ္မတကြီး၏ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို အပြည့်အဝ ပြန်လည် လေ့လာချပြသွားမည်ဖြစ်ကာ၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် တက်ကြွစွာ အပြုသဘောဆောင် ပူးပေါင်းပါဝင်ပြီး၊ နယ်စပ်ဒေသ တည်ဆောက်ရေးလုပ်ငန်းအသီးသီးတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အထူးဒေသ (၄) ဘက်မှ ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲအပြီးတွင် နှစ်ဖက်အပြန်အလှန် အမှတ်တရလက်ဆောင်များ ပေးအပ်၍ စုပေါင်း အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းတင်ဆက်လိုက်ရပါသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အထူးဒေသ(၄) ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
သတင်းပြန်ကြားရေးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်







